Friday, 3 March 2017

အကျင့် ပျက်မို့ ဈေးပိုသည်

ဒီဘက်ခေတ်မှာ သင်တန်းတွေကလည်းမှိုလိုပေါက်လာတာနဲ့အမျှ ဟိုသင်တန်းဆိုလည်း ပြေးတက် ဒီသင်တန်းဆိုလည်း ပြေးတက်နဲ့ ပညာသင်ယူချင်သူတွေ အတော်များပါတယ်။ တကယ်တမ်း ပညာရပ်တစ်ခုကို သင်ယူမယ်ဆိုရင် သင်ပေးမယ့်ဆရာက ဘယ်သူလဲ ဒီပညာရပ်မှာ တကယ်ကျွမ်းကျင်သူဖြစ်ရဲ့လားဆိုတာကလည်း အရေးကြီးပါသေးတယ်။ နောက်ပြီး ကိုယ်တိုင်လည်း သင်ယူမယ့် ဘာသာရပ်အပေါ်မှာ အာရုံစူးစိုက်မှု စိတ်ပါဝင်စားမှုအပြည့်ရှိနေဖို့လိုပါတယ်။
တချို့များကျတော့ အကြောင်းအမျိုးမျိုးကြောင့် ဟိုစပ်စပ်ဒီစပ်စပ် တက်ထားဖူးပြီး အစအဆုံး မသင်ကြားဖြစ်မိတာကြောင့် အစကပြန်သင်ရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုကြုံလာရင်လည်း ကိုယ်သင်ကြားဖူးတဲ့ အရာတွေဆိုပြီး ပေါ့လျော့တာ အလေးမမူတတ်တာမျိုး မပြုမူသင့်ပါဘူး။ အဲလိုမှမဟုတ်ရင် ကိုယ်သိထားတတ်ထားတာက အရှုံးဖြစ်နိုင်တယ်ဆိုတာကို ခုဖော်ပြမယ့် ပုံပြင်လေးက သတိပေးနေပါတယ်။
တစ်ခါက စောင်းဆရာကြီးတစ်ဦးဆီကို စောင်းအတီးသင်လိုတဲ့ တပည့်နှစ်ယောက်ရောက်လာပါသတဲ့။
ပထမတပည့်ကို စူးစမ်းမေးမြန်းကြည့်တော့ အရင်ကစောင်းပညာနဲ့ နီးစပ်မှုမရှိဘူးဆိုတာကို သိရပါတယ်။
နောက်တစ်ယောက်ကို မေးပြန်တော့ စောင်းပညာကို အတန်အသင့်သင်ဖူးတယ်လို့ ဖြေပါတယ်။
စောင်းဆရာကြီးက ပထမတပည့်ကို ငွေ တစ်ပိဿာတောင်းပြီး စောင်းသင်ဖူးတဲ့ တပည့်ကို ငွေနှစ်ပိဿာ တောင်းလိုက်ပါတယ်။ ဒီတော့ စောင်း
သင်ဖူးသူက စိတ်ဆိုးမာန်ဆိုးနဲ့ မသင်ဖူးသူကိုပိုတောင်းသင့်တယ် မဟုတ်လားလို့ မေးတဲ့အခါ စောင်းဆရာကြီးကပြန်ဖြေပါတယ်။
“မင်းစကားက ဟုတ်သလိုလိုပါပဲကွာ။ ဒါပေမဲ့ တတ်ပြီးသားဆိုတဲ့သူက နည်းလမ်းမှန်မှန်တတ်မြောက်ခဲ့ရင်တော်သေးတယ်။ ချွတ်ချော်မှားယွင်းနေတယ်ဆိုရင်တော့ ဒါကိုပြုပြင်ပေးရတာက လုံးဝမတတ်သူကို သင်ရတာထက် နှစ်ဆတိုး ပင်ပန်းလိမ့်မယ်။ ဒါကြောင့်နှစ်ဆတောင်းတယ်” လို့ဖြေလိုက်ပါသတဲ့။
တကယ်တော့ အတတ်ပညာကောင်းသင်မယ်ဆိုရင် တကယ်မှန်ကန်တဲ့ နည်းမှန်လမ်းမှန်သင်ကြားနိုင်တဲ့နေရာတွေကို ရွေးတတ်ဖို့လိုပါတယ်။ အဲလိုမဟုတ်ရင်တော့ ကိုယ့်အတွက် ရှုပ်ထွေးမှုတွေ ထွေပြားစရာတွေသာဖြစ်စေတဲ့အတွက် ဆိုးကျိုးသာများစေပါတယ်။ နောက်တစ်ခုရှိတာက ခုမှစသင်တဲ့သူတွေအနေနဲ့ကလည်း သူကတော့ ဒီပညာရပ်ကို ဘယ်နေရာမှာ ဘယ်မှာသင်ဖူးပြီးသားဆိုတော့ ငါယှဉ်လို့မရလောက်ပါဘူးလို့ အားငယ်စရာမရှိပါဘူး။ ကိုယ်သင်ရတဲ့အရာတစ်ခုကို နက်နက်နဲနဲရှင်းရှင်းလင်းလင်းသိတာက အားသာချက်တစ်ခုပါပဲနော်။

Jipsy Lay (www.jipsylay.blogspot.com/)
Credit; ;
ကိုးကား-ရိုးရာပုံပြင်စာပေစာတမ်းများ
ဂျူဂျူး(အခရာ)

No comments:

Post a Comment