Friday, 3 March 2017

အပျော်ရွှင်ဆုံးလူသား

အပျော်ရွှင်ဆုံးလူသား 

 
တစ်ခါတုန်းက တောကျီးကန်းလေးဟာ သူ့ဘဝသူတွေးပြီး ကျေနပ်နေပါတယ်။ တစ်နေ့မှာတော့ တောကျီးကန်းလေးဟာ ငန်းတစ်ကောင်ကိုမြင်ပြီး အခုလို တွေးထင်မိလိုက်တယ်။
“ဒီငန်းလေးရဲ့ အရောင်အဆင်းက အရမ်းဖြူတာပဲ၊ ငါ့မှာတော့ မဲလိုက်တာ ၊ ဒီငန်းလေးက လောကမှာ အပျော်ရွှင်ဆုံးငှက် ဖြစ်ရမယ်။”
တောကျီးကန်းဟာ အဲ့ဒီအကြောင်းကို ငန်းလေးကို ပြောပြတော့ ငန်းလေးက အခုလိုပြန်ပြောလိုက်တယ်။
“အရမ်းလှတဲ့ ကြက်တူရွေးလေးကို မမြင်ဖူးခင်တုန်းက ကိုယ့်ကိုကိုယ် အပျော်ရွှင်ဆုံးသူအဖြစ် ထင်ခဲ့ဖူးတယ်၊ ကြက်တူရွေးက ငါ့ထက် ပိုလှတယ်လေ၊ အခုတော့ ဒီလောကမှာ ကြက်တူရွေးလေးသာ အပျော်ရွှင်ဆုံးငှက်လို့ ငါထင်တယ်”
တောကျီးကန်းဟာ ဒီတစ်ခါမှာတော့ ကြက်တူရွေးဆီသွားပြီး အဲ့ဒီအကြောင်းကို ပြောပြတော့ ကြက်တူရွေးက အခုလိုပြန်ပြောလိုက်တယ်။
“ငါလည်း ဒေါင်းတစ်ကောင်ကို မမြင်ဖူးခင်တုန်းကတော့ ပျော်ရွင်ဖူးတယ်လေ၊ ငါ့မှာက အရောင်နည်းနည်းပဲရှိတာလေ၊ ဒါပေမယ့် ဒေါင်းကတော့ အရောင်စုံ ရှိတယ်လေ။”
အဲဒီနောက်မှာတော့ တောကျီးကန်းလေးဟာ တိရိစ္ဆာန်ရုံထဲမှ ဒေါင်းလေးဆီ သွားခဲ့ပါတယ်။ လူတွေအများကြီး ဒေါင်းလေးကို ဝိုင်းအုံကြည့်နေတာကို တောကျီးကန်းလေး တွေ့လိုက်ပြီး ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဝင်လာပါတယ်။
“အို . . . . ဒေါင်းလေးရယ် ၊ အရမ်းလှတာပဲ ၊ နေ့တိုင်း မင်းကို ကြည့်ဖို့ လူတွေအများကြီး လာကြတယ်နော်၊ ဒါပေမယ့် လူတွေက ငါ့လို တောကျီးကန်းကျတော့ အဝေးကိုပဲ မောင်းထုတ်ကြတယ်။ ဒေါင်းလေးရယ် ၊ မင်းကတော့ ဒီကမ္ဘာမှာ အပျော်ဆုံးသူလို့ ငါထင်တယ်ကွာ။”
တောကျီးကန်းရဲ့ စကားသံကို ကြားတော့ ဒေါင်းလေးဟာ ဝမ်းနည်းတဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။
“ငါလည်း ဒီကမ္ဘာမှာ ငါ့ကိုယ်ငါ အလှဆုံးနဲ့ အပျော်ရွှင်ဆုံးလို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် ငါ့အလှကြောင့်ပဲ ဒီတိရိစ္ဆာန်ရုံထဲမှာ ပိတ်လှောင်ခံထားရတယ်လေ၊ စဉ်းစားလိုက်တဲ့အခါမှာတော့ ကျီးကန်းတွေပဲ လှောင်အိမ်ထဲ အထည့်မခံရဘူးဆိုတာ ငါ သဘောပေါက်လာတယ်၊ ငါ အမြဲတွေးမိတယ်၊ ငါသာ ကျီးကန်းဖြစ်ရင် လောကမှာ အပျော်ရွှင်ဆုံးဖြစ်မယ်လို့လေ”
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ ။ ကျွန်တော်တို့တွေလည်း တစ်ယောက်နဲ့တစ်ယောက်ကြားမလိုအပ်ဘဲ နှိုင်းယှဉ်မှုတွေပြုလုပ်ပြီး ဝမ်းနည်းနေကြတယ်။ ပိုင်ဆိုင်ထားတဲ့ ဘဝကို တန်ဖိုးထားရကောင်းမှန်းမသိကြတဲ့အပြင် မရသေးတဲ့ဘဝကိုပါ အားကျနေတတ်ကြပါတယ်။ ဒါတွေအားလုံးဟာ စိတ်မပျော်ရွှင်စေတဲ့အပြင် ပျက်စီးခြင်းကိုပါ ဖြစ်စေပါတယ် ။ မရှိတာကို တောင့်တနေမယ့်အစား ရှိတာလေးနဲ့ နေတတ်အောင်ပျော်ရွှင်အောင် လေ့လာပါ ၊ သင်ယူပါ။ လောကမှာ မတူညီမှုတွေက ရှိနေမှာပဲလေ။ ကိုယ့်မှာရှိတာနဲ့ ကျေနပ်ရောင့်ရဲနိုင်တဲ့သူကတော့ လောကမှာ တကယ့်အပျော်ရွှင်ဆုံး လူသားပဲဖြစ်ပါတယ်။

Jipsy Lay (www.jipsylay.blogspot.com/)
Credit;
ကျော်စိုးအောင် (အခရာ)
 

No comments:

Post a Comment