"""အလွမ်းရင့်ရင့်ညနေ"""
~~~~~~~~~~~~~~~~~~~~~~~
အပိုင်း-၁
တနေ့တာ၏နောက်ဆုံးထွက်သက်အဖြစ်ဖျော့တော့တော့ အလင်းရောင်လေးက အားတင်းပြီးကျန်နေသေးသည...်။ ဒီအချိန်ဆို အိမ်မှာအမေမျှော်နေလောက်ပြီ စိတ်ကသာအိမ်ကိုရောက်နေပေမယ့် မိနွေ ရဲ့လက်ထဲကဈေးဗန်းထဲတွင် ကျန်နေသေးသည့် အကြော်စုံကလေးများ က မျက်နှာတင်းတင်း အေးစက်စက်ဖြင့် သူမကိုကြည့်နေကြသည်။
"""ဟဲ...မိနွေ နင်အိမ်မပြန်သေးဖူးလား..."""
နောက်ဘက်က အသံကြောင့် သူမအတွေးစလေးများပြတ်တောက်သွားသည်။
"""အေး...ခင်မေရေ...ငါ အကြော်တွေကျန်နေသေးလို့ ...ဒါလေး ကုန်မှပြန်မယ်..."""
"""ဒါဆို...ငါပြန်နှင့်မယ်အေ...အိမ်မှာကလည်း နင်သိတဲ့အတိုင်း ငါရောက်မှ အငယ်တွေ ထမင်းစားရမှာလေ..."""
"""အေးပါဟယ်...ခင်မေရယ် ပြန်နှင့်လိုက်တော့..."""
ဈေးဗန်းခလေး ချိုင်းကြားညှပ်ကာ ပြန်သွားသော ခင်မေ့ ကျောပြင်ကိုကြည့်ပြီး မိနွေ သက်ပြင်းချမိသည်။
တယောက်အဖြစ်ကို တယောက်မကူနိုင်လောက်အောင် ရှုန်းကန်နေရတဲ့ သူတို့ဘ၀ကို သူတို့ အသိဆုံးဖြစ်သည်။

"""သမီး...အိမ်ပြန်နောက်ကျလိုက်တာကွယ်...."""
မိနွေခြေသံကို မှတ်မိနေသောအမေက လှမ်းပြီးမေးလေသည်။အမေက မျက်စိကွယ်ခဲ့တာကြာပါပြီ ဒါပေမယ့် အမေဟာ မိနွေနဲ့ ပတ်သတ်သမျှ အငွေ့အသက်က အစ အကုန်သိနေတတ်သည်။
"""ဟုတ်..အမေ အကြော်တွေကျန်နေလို့ ဆက်ရောင်းနေတာနဲ့ နည်းနည်းနောက်ကျသွားတာပါ"""
အိမ်မှာက အစစအရာရာ မိနွေမရှိလျှင် မဖြစ်တဲ့ဘ၀ မို့ အမေ့ခမျာ မိနွေကို အမြဲလိုလို စိုးရိမ်နေတတ်သည်။
သူတို့ဘ၀လေးများက အမှောင်ထက်ပင်ပိုနက်နေသည်မဟုတ်ပါလား။
~~~~~~~~~~~~~~~~~~~~~~
သင်္ဘော ဆိပ့်မို့ လူကစည်းကားလှသည်။ ခရီးသည် များ အတင်အချ နှင့် ဈေးသည်များ၏ ပျားပန်းခတ် အောင် အော်ဟစ် ရောင်းချသံများသည်ပင် ထိုသင်္ဘောဆိပ်၏ နေစဉ်မြင်ကွင်း တခုဖြစ်သည်။
"""အကြော်တွေရမယ်နော်..အကြော်ပူပူလေး..""
"""ကွမ်းယာ.. ဆေးလိပ်..ယူအုန်းမလားဗျို့..."""
"""အချဉ်ပေါင်းတွေ နော် ဒီမှာ...."""
မိမိတို့ ရောင်းကုန်လေးများ ကို အလုအယက် အော်ဟစ်ရောင်းနေရသော ဈေးသည် များကြားတွင် မိနွေတယောက်လည်း အပါအ၀င်ဖြစ်သည်။
"""အကြော် လာပါအုန်း..."""နောက်ဘက်ကခေါ်သံကြောင့် သူမ ၀မ်းသာအားရ. လှည့်ကြည့်လိုက်သည်။
"""ဟယ်...ကိုဖိုးထူး...ကြည့်ပါအုန်း...ဈေးဝယ်ထင်လို့ ကြည့်လိုက်တာ..."""
"""ဈေးဝယ်မဟုတ်တော့ နင်က စိတ်ပျက်သွားတာလား မိနွေ..."""
"""အို...မဟုတ်တာ...စကားအကျ သိပ့်ကောက်တာပဲ...ကိုဖိုးထူးနော်..."""
မိနွေရင်ထဲ တကယ်ပဲပျော်မိသည်။ ကိုဖိုးထူး ဆိုတာ မိနွေရဲ့ ဘ၀မှာ တဦးတည်းသော ချစ်သူလေ......
"""ဘယ်တုန်းရောက်တာလည်း ကိုဖိုးထူးရယ်...."""
"""ခုလေးတင်ပဲ ငါလည်း ရောက်ရောက်ခြင်း နင့်ဆီလာတွေ့တာ...အမေရော နေကောင်းလား """
ကိုဖိုးထူးက ကုန်တင် သဘောင်္တခုမှာ ကုန်တင်ကုန်ချ လုပ်သားပေါ့.။စကားလှအောင်သာပြောရတာပါ တကယ်တော့ အထမ်းသမားပဲပေါ့။ ဘ၀တူခြင်းမို့ တယောက်ကိုတယောက် နားလည်ပြီး အကြင်နာပိုခဲ့ကြသည်။
"""ဟဲ့...ငါမေးတာဖြေအုန်းလေ.."""
"""အော်...အင်း..ကောင်းပါတယ်တော်.."""
"""ကဲ...နင်အကြော်ကုန်ပြီလား ...ကုန်ရင်ငါအိမ်ပြန်လိုက်ပို့မယ်လေ..."""
"""ဟုတ်.. .ခဏလေးစောင့်နော်"""
လက်ကျန် အကြော်လေးများ ဖြတ်ရန် မိနွေ သွားနေသည်က ဆိပ်ကမ်း သို့ကပ်လာသော သင်္ဘော ဆီသို့ပင် ဖြစ်သည်။
~~~~~~~~~~~~~~~~~~
"""အမေ...ဒီမှာ ဘယ်သူပါလားလည်း သိလား.."""
"""ဘယ်သူတုန်း...သမီး ရဲ့..."""
အမေက သူမရဲ့ မမြင်ရတဲ့ မျက်လုံးအစုံရဲ့ အပေါ်က မျက်ခုံးများကို ကြုံ့ပြီး လက်ပိန်ပိန်ကလေးများ က ဟိုဒီစမ်းရင်း မေးရှာလေသည်။
"""အမေ...ကျွန်တော်...ဖိုးထူးလေဗျာ..."""
"""ဟဲ့...ဖိုးထူးလားကွဲ့....ဘယ်တုန်းကရောက်လည်း"""
"""ဒီနေ့ပဲအမေ သဘောင်္ကမ်းကပ်တာနဲ့ မိနွေဆီလာခဲ့တာ..."""
"""အေးကွယ့်...အေး..အေး.."""
ကိုဖိုးထူး ကမိနွေကို တချက်လှမ်းကြည့်ရင်း..
"""အမေ....ကျွန်တော်...ပြောစရာရှိတယ်.. .ကျွန်တော်ဒီတခေါက် သဘောင်္ပြန်မထွက်ခင် မိနွေကို လက်ထပ်ပါရစေအမေ...ကျွန်တော့မှာ စုထားဆောင်းထားတာလေး နည်းနည်းပါးပါး ရှိပါတယ်.. ."""
မိနွေ မျက်လုံးပြူးမိလေသည်။သူမကို ဘာမှမပြောထားပဲ ဘယ်တုန်းကြိတ်ကြံပြီး အမေ့ရှေ့ရောက်မှ တုံးတိတိ ပြောချလိုက်သော ကိုဖိုးထူး စကားကြောင့်ဖြစ်သည်။ ကိုဖိုးထူးက တကောင်ကြွက် တမျက်နှာရယ်မို့ သူမတို့ သားအမိကို ခင်တွယ်ရှာသည်။ အမေ့ကိုလည်း မိခင်းရင်းလိုချစ်ရှာသောကြောင့် သူမဘက်ကတော့ အမေ့သဘောထား အတိုင်းပင်ဖြစ်သည်။
"""ဖိုးထူးရယ်...အမေကတော့...အမေ့သမီးလေးအပေါ် သားမှတ်မှတ် မယားမှတ်မှတ် တသက်လုံးပေါင်းသင်း မယ်ဆိုရင်...မင်းနဲ့ အမေ့သမီးကို အမေကသဘောတူပါတယ်ကွယ်.."""
အမေ့စကား ကြားတော့ ကိုဖိုးထူးက ကမိနွေဘက်သို စပ်ဖြီးဖြီး မျက်နှာဖြင့် တချက်ကြည့်ပြီး...
"""ဟုတ်...ဟုတ်ကဲ့...စိတ်ချပါအမေ...ဒါဆို...ကျွန်တော် စီစဉ်လိုက်တော့မယ်နော် အမေ...."""
အမေက မျက်ရည်ကြည်များဝေ့နေသော မျက်လုံး များကို ပုတ်ခတ်ရင်း ပြုံးနေရှာသည်။
~~~~~~~~~~~~~~~~~~~~~~~~~~

Jipsy Lay (www.jipsylay.blogspot.com)
အပိုင်း-၂ ဆက်လက်အားပေးပါ
Credit;
No comments:
Post a Comment